ခံတွင်းနံ့ဆိုးရွားနေရတဲ့ အကြောင်းအရင်းများ
သူတပါးဆီက အာပုပ်စော်နံလို စိတ်အနှောင့်အယှက်ဖြစ်တာမျိုး ဒါမှမဟုတ် ကိုယ်တိုင်ရဲ့ ခံတွင်းနံ့ကြောင့် စိတ်မလုံမလဲရော ဖြစ်ဘူးလား။ ခံတွင်းကနေ အနံ့ဆိုးတွေ ထွက်တာ (Bad Breath) ကို လူတိုင်းကြုံဖူးကြမှာပါ။ များသောအားဖြင့်တော့ အနံ့ပြင်းတဲ့အစားအစာတွေကို မှီဝဲစားသောက်တာ၊ ခံတွင်းကို သန့်ရှင်းအောင် မထားတာတွေကြောင့် ခံတွင်းရနံ့ဆိုးထွက်တတ်ပါတယ်။
ဒါပေမယ့် ခံတွင်းနံ့ဆိုးတာက အမြဲတမ်း ဒီလိုအချက်တွေကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။ တခြားသောအကြောင်းအရင်းတွေကြောင့်လည်း ခံတွင်းအနံ့ဆိုးနိုင်ပါသေးတယ်။ ဥပမာ နာတာရှည် ခံတွင်းအနံ့ဆိုးထွက်တဲ့ရောဂါ (Chronic Halitosis) လို ဝေဒနာမျိုးတွေကြောင့်ပေါ့။
အစားအသောက်ကြောင့်မဟုတ်ပဲ ခံတွင်းအနံ့ဆိုးတွေ ထွက်ပေါ်လာစေတဲ့ အကြောင်းအရင်း အမြောက်အများ ရှိပြီး ဖြစ်နိုင်ခြေအရှိဆုံး အချက်ကတော့ ၁၀ ချက်ရှိပါတယ်။
1. ခံတွင်း မသန့်လို့ - အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်။ သွားပုံမှန်မတိုက်တာ၊ တိုက်ဖြစ်ရင်တောင်မှ လျှာနဲ့ အာခံတွင်း တစ်ခုလုံးကို သန့်စင်အောင် မသန့်ရှင်းတာတွေက သင့်ကို ခံတွင်းအနံ့ဆိုးစေနိုင်ပါတယ်။ ရိုးရိုးအနံ့ဆိုးမျိုးသာမကပဲ အာပုတ်နံ့လို့ဆိုကြတဲ့ ဆိုးရွားလှတဲ့ အနံ့ဆိုးမျိုးတွေပါ ထွက်လာစေပါလိမ့်မယ်။
2. အနံ့ပြင်းတဲ့ အစားအသောက်တွေ ခနခနစားနေလို့ - အနံ့ပြင်းတဲ့ အစားအစာတွေထဲက အနံ့ဆိုးဖြစ်စေနိုင်တဲ့ Particles တွေကို သွေးကနေတဆင့် အဆုတ်ထဲကို ပို့ပေးပါတယ်။ ဒါကြောင့် အသက်ရှူထုတ်လိုက်တိုင်းမှာ အနံ့ဆိုးတွေ ရနေနိုင်ပါတယ်။
3. ကော်ဖီအသောက်များလို့ - ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ တံတွေးရည်ထုတ်လုပ်နိုင်စွမ်းကို လျော့ကျစေပြီး အာခံတွင်းမှာ တံတွေးရည်နည်းပါးလာမယ်ဆိုရင် ဘက်တီးရီးယားတွေ ပိုမိုတွယ်ငြိလာတာကြောင့်ပါ။
4. အရက်သောက်လို့ - အရက်ဟာ ခံတွင်းနံ့ဆိုးစေတယ်ဆိုတာကို သောက်သုံးဖူးသူတိုင်း သိကြပါတယ်။ အယ်လ်ကိုဟောဟာ ခံတွင်းထဲမှာ တံတွေးရည်ထုတ်လုပ်နိုင်စွမ်းကို သိသိသာသာ လျော့ကျစေတဲ့အရာပါ။
5. သကြားနဲ့ ပရိုတိန်းပါဝင်မှုများတာတွေ စားမိနေလို့ - အချိုတွေ၊ သကြားဓာတ်နဲ့ ပရိုတိန်းဓာတ်များတဲ့ အစားအစာတွေဟာလည်း ခံတွင်းနံ့ဆိုးစေဖို့ တွန်းအားတစ်ရပ်ဖြစ်ပါတယ်။ အထူးသဖြင့် သကြားဟာ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်ပွားအောင် အားပေးပါတယ်။
6. ဆေးလိပ်နဲ့ ကွမ်းမှီဝဲလို့ - ဆေးရွက်ကြီးပါဝင်တဲ့ ဆေးလိပ်တွေ၊ စီးကရက်တွေနဲ့ ကွမ်းယာတွေဟာ ခံတွင်းအနံ့ဆိုးတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် သွားဖုံး၊ လျှာနဲ့ အာခေါင်တွေကိုဖျက်ဆီးနိုင်ပြီး ဆိုးရွားတဲ့ ခံတွင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။
7. အစာခြေစနစ်မှာ ပြဿနာရှိနေလို့ - အစာခြေစနစ် မူမမှန်တာ၊ အားနည်းတာတွေကလည်း အစာအိမ်ကို မသန့်မစင်ဖြစ်စေပြီး ပါးစပ်ကနေ အနံ့ဆိုးတွ ပြန်ထွက်လာစေတတ်ပါတယ်။ ဒီလိုဖြစ်ရတက အစားအသောက်အမျိုးအစားကြောင့် အစာကောင်းကောင်း မခြေဖျက်နိုင်လို့ဖြစ်နိုင်သလို အစာခြေစနစ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာကြောင့်လည်းဖြစ်ပါတယ်။
8. ခံတွင်းခြောက်နေလို့ - ခံတွင်းထဲမှာ တံတွေးရည် ထုတ်လုပ်နိုင်စွမ်းလျော့ကျလာပြီး ခံတွင်းခြောက်သွေ့လာတဲ့အခါ သန့်ရှင်းမှုလည်း နည်းပါးသွားပါတယ်။ ဒီအချက်ဟာ အခံတွင်း နံ့ဆိုးဖြစ်ပေါ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ပါဝင်နေပါတယ်။ ဒါကို ရောဂါတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး Xerostomia လို့ ခေါ်ဆိုကြပါတယ်။
9. လက်ရှိမှီဝဲနေတဲ့ ဆေးဝါးတွေကြောင့် - တစ်ချို့သောလူတွေ ခံတွင်းရနံ့ဆိုးတာက ဆေးဝါးဓာတ်စာတွေကြောင့်ပါ။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေတွေအရ မှီဝဲနေရတဲ့ ပဋိဇီဝဆေးတွေမှာ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်းတွေဟာ ခံတွင်းကိုခြောက်သွေ့စေပြီး ခံတွင်းနံ့ဆိုးရွားမှုကို ဖြစ်စေနိုင်ပါတယ်။
10. စိတ်ကြောင့် - ခံတွင်းနံ့ဆိုးနေတယ်လို့ ကိုယ့်ကိုယ်ကို ထင်မြင်နေတာကလည်း ပြဿနာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူ ၁% လောက်ဟာ သူတို့ရဲ့ ခံတွင်းနံက ဆိုးရွားတယ်လို့ တကယ်မဟုတ်ပဲ ခံစားနေကြပါတယ်။ ဒီဝေဒနာကို Halitophobia စိတ်ဝေဒနာလို့ ခေါ်ပါတယ်။
ဒီအချက်တွေအပြင် နှာရည်ယိုချင်နေတာ၊ သွားပိုးပေါက်ဖြစ်နေတာ၊ ရင်ပူနေတာ၊ Strep ပိုး ကူးစက်ခံထားရတာ၊ သွေးတွင်း သကြားပမာဏ မြင့်တက်နေတာ၊ ကိုယ်ခံအားစနစ် ဖောက်ပြန်တဲ့ Sjogren's Syndrome စွဲကပ်နေတာတွေကြောင့်လည်း ခံတွင်းရနံ့ဆိုးရွားတတ်ပါတယ်။
ရေးသားသူ - ရဲဇွန်အောင်